သင့်စိတ် ပူလောင်နေပါသလား? ဗုဒ္ဓတရားတော်တစ်ခုခုကို ဖတ်ရှုနာယူကြည့်လိုက်ပါ။ သင့်စိတ် ချက်ချင်း အေးချမ်းသွားပါလိမ့်မယ်။ ဟုတ်ပါတယ်။
မြတ်စွာဘုရားဟောကြားတော်မူထားတဲ့ တရားတော်တွေတိုင်းမှာ စိတ်နှလုံးအေးချမ်းစေတတ်တဲ့ ဓာတ်သတ္တိတွေ အပြည့်အ၀ ကိန်းဝပ်နေပါတယ်။ စိတ်ပူလောင်နေချိန်မှာ နာယူလိုက်ရင် စိတ်အေးချမ်းသွားရသလို စိတ်အေးချမ်းနေချိန်မှာ နာယူလိုက်ရင်လည်း ပို၍ပို၍ စိတ်အေးချမ်းသွားရပါတယ်။
နေ့စဉ်ဘ၀မှာ လူသားတွေ စိတ်ပူလောင်နေရတာဟာ တွေ့ကြုံလာသမျှ အဖြစ်အပျက်တွေအပေါ် အဆိုးဘက်ကနေ ရှုမြင်သုံးသပ်နေကြလို့ပါ။ ဗုဒ္ဓတရားတော်တွေကို ကျယ်ကျယ်ပြန့် ပြန့် နှံ့နှံ့စပ်စပ် လေ့လာထားတဲ့သူဟာ တွေ့ကြုံလာသမျှ ဘယ်အဖြစ်အပျက်မျိုးကိုမဆို အဆိုးမြင်စိတ်နဲ့ တင်းမာစွာ မတုံ့ပြန်ဘဲ အကောင်း မြင်စိတ်နဲ့ နူးညံ့စွာ တုံ့ပြန်တတ်တဲ့အတွက် ဘာအကြောင်းကြောင့်မှ စိတ်မပူလောင်ရဘဲအမြဲထာဝရ စိတ်အေးချမ်းရပါတယ်။
စိတ်နှလုံးအေးချမ်းနေတဲ့သူဟာ မကောင်းမှုမှန်သမျှ မပြုလုပ်၊ ကောင်းမှုမှန်သမျှ ပြုလုပ်တဲ့အတွက် မကောင်းကျိုးမှန်သမျှ ကင်းရှင်းပြီး ကောင်းကျိုးမှန်သမျှ ပြည့်စုံလာပါတယ်။ လူသားတွေ မကောင်းကျိုး ခံစားနေ ကြရတာ မကောင်းမှုတွေ ပြုလုပ်လို့၊ ကောင်းကျိုးစံစားနေကြရတာ ကောင်းမှုတွေ ပြုလုပ်လို့ပါ။
စိတ်နှလုံးအေးချမ်းအောင် နေတတ်ဖို့နဲ့ ဘယ်အရာတွေက မကောင်းမှု၊ ဘယ်အရာတွေကကောင်းမှုဆိုတာ ကွဲကွဲပြားပြားသိဖို့ ဗုဒ္ဓတရားတော်တွေကို အမြဲမပြတ် ဖတ်ရှုမှတ်သား နာ ကြားလေ့လာနေကြရပါမယ်။
မူရင်းဗုဒ္ဓတရားတော်တွေကို နေ့စဉ်ဘ၀ထဲက တကယ့်အဖြစ်အပျက်တွေနဲ့ ပေါင်းဆက် ယှက်နွယ်ပြီး လက်တွေ့ ကျင့်သုံးလို့ရအောင် အလွယ်ကူဆုံး အသုံးအနှုန်း၊ အရှင်းလင်းဆုံး အဓိပ္ပာယ်တွေနဲ့စာရေးသူ ရေးသားဟောကြားပေးထားတာမို့ ဖတ်ရှုသူ၊ နာကြားသူအားလုံးအတွက် အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
ဗုဒ္ဓတရားတော်တွေက သင့်ရဲ့ စိတ်အေးချမ်းမှုကို အဆင့်မြင့်သထက်မြင့်အောင်၊ ပြီးတော့ လမ်းဆုံးအထိရောက်အောင် အပြည့်အ၀ တာဝန်ယူကူညီသွားမှာ သေချာပါတယ်။
အားလုံးထာဝရအေးချမ်းကြပါစေ။
မေတ္တာဖြင့်
အရှင်ဆန္ဒာဓိက ( ရွှေပါရမီတောရ )
မြန်မာစံတော်ချိန်
Rangoon |
Saturday, October 27, 2007
ရွှေပါရမီမိတ်ဆက်
Subscribe to:
Post Comments (Atom)

No comments:
Post a Comment